International News

မြေသြဇာ (ပုလဲဓာတ်မြေသြဇာမပါ) အတွက် ရူပီးငွေသန်းပေါင်း သုံးသိန်းရှစ်သောင်း ထောက်ပံ့ပေးမည်ဟု အိန္ဒိယအစိုးရအဖွဲ့က အတည်ပြု

Last Updated:

လာမည့်မိုးရာသီသီးနှံများစိုက်ပျိုးသည့်အချိန်တွင် တောင်သူများအတွက် မြေသြဇာဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန်အတွက် မြေသြဇာ(ပုလဲဓာတ်မြေသြဇာမပါ)အတွက် ရူပီးငွေသန်းပေါင်း သုံးသိန်းရှစ်သောင်းကျော်ထောက်ပံ့ပေးရန် အိန္ဒိယအစိုးရက အတည်ပြုခဲ့ကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

၂၀၂၃-၂၄ မိုးရာသီသီးနှံစိုက်ပျိုးသည့်အချိန်တွင် ဗဟိုအစိုးရကစုစုပေါင်းရူပီး ၁.၀၈ ထရီလီယံထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယင်းပမာဏသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဘတ်ဂျက်လျာထားမှု၏ ၆၂ ရာခိုင်နှုန်းနီးပါးရှိပါကြောင်း၊ ၁.၀၈ ထရီလီယံအနက် ရူပီးသန်းပေါင်း ၇ သိန်းကို ပုလဲဓာတ်မြေသြဇာအတွက်လည်းကောင်း၊ ကျန်ရှိသည့်ပမာဏကို အခြားမြေသြဇာများအတွက်လည်းကောင်း စက်တင်ဘာလအထိ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဆောင်းရာသီသီးနှံစိုက်ပျိုးချိန်၌ အစိုးရက မြေသြဇာ(ပုလဲဓာတ်မြေသြဇာမပါ)အတွက် ရူပီးသန်းပေါင်း ၅သိန်း ၂ သောင်းကျော်ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီသီးနှံစိုက်ပျိုးသည့်အချိန်တွင် မြေသြဇာ(ပုလဲဓာတ်မြေသြဇာမပါ)အတွက် ထောက်ပံ့မှုလျော့နည်းသွားရခြင်းမှာ ပြည်တွင်း၊ ပြည်ပဈေးနှုန်းများကျဆင်းမှုကြောင့်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် မိုးရာသီသီးနှံစိုက်ပျိုးချိန်တွင် မြေသြဇာ(ပုလဲဓာတ်မြေသြဇာမပါ)အတွက် နိုက်ထရိုဂျင် ၁ ကီလိုဂရမ်လျှင် ထောက်ပံ့ကြေး ၇၆ ရူပီး(ပြီးခဲ့သည့်ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်ထက် ၂၂ ရာခိုင်နှုန်းလျော့နည်း)၊ ဖော့စဖိတ် ၁ ကီလိုဂရမ်လျှင် ထောက်ပံ့ကြေး ၄၁ ရူပီး(ပြီးခဲ့သည့်ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်ထက် ၃၉ ရာခိုင်နှုန်းလျော့နည်း)၊ ပိုတက်ဆီယမ် ၁ ကီလိုဂရမ်လျှင် ထောက်ပံ့ကြေး ၁၅ ရူပီး(ပြီးခဲ့သည့်ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်ထက် ၃၆ ရာခိုင်နှုန်းလျော့နည်း)၊ ကန့်(Sulphur) ၁ ကီလိုဂရမ်လျှင် ထောက်ပံ့ကြေး ၂ ရူပီး(ပြီးခဲ့သည့် ဆောင်းရာသီသီးနှံစိုက်ပျိုးချိန်ထက် ၆၇ ရာခိုင်နှုန်းလျော့နည်း) ထောက်ပံ့ပေးမည်ဟု ဓာတုနှင့်မြေသြဇာဝန်ကြီးဖြစ်သူ Mansukh Mandaviya က ပြောကြားထားကြောင်း သိရှိရပါသည်။

ထောက်ပံ့ကြေးများအား ယခုကဲ့သို့လျှော့ချရသည့်အဓိကအကြောင်းအရင်းမှာ နိုင်ငံတကာဈေးနှုန်းများတည်ငြိမ်နေခြင်းနှင့် စွမ်းအင်ဆိုင်ရာကုန်ကျစရိတ်များ ကျဆင်းလာခြင်းကြောင့်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့အစည်းအဝေးအပြီး Mandaviya က သတင်းထောက်များအား ပုလဲဓာတ်မြေသြဇာ ၁ အိတ်လျှင် ၂၁၂၆ ရူပီး၊ DAP ကွန်ပေါင်းဓာတ်မြေသြဇာ ၁ အိတ်လျှင် ၂၄၆၁ ရူပီး၊ NPK ကွန်ပေါင်းဓာတ်မြေသြဇာ ၁ အိတ်လျှင် ၁၆၃၉ ရူပီး၊ MOP ပိုတက်ဆီယမ်ဓါတ်မြေသြဇာ ၁ အိတ်လျှင် ၇၃၄ ရူပီး ဗဟိုအစိုးရက ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယခုလို ထောက်ပံ့ပေးခြင်းသည် ပြည်တွင်း၊ ပြည်ပဓာတ်မြေသြဇာဈေးနှုန်းများ တည်ငြိမ်မှုမရှိခြင်းမှ တောင်သူများအား အကာအကွယ်ပေးနိုင်ရန်အတွက်ဖြစ်သည်ဟုပြောကြားခဲ့ပါကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မိုးရာသီသီးနှံစိုက်ပျိုးချိန်တွင် ပုလဲဓာတ်မြေသြဇာတန်ချိန် ၇.၅ သန်း၊ DAP တန်ချန် ၃.၆ သန်း၊ NPK တန်ချိန် ၄.၅ သန်းအပါအဝင် စုစုပေါင်းတန်ချိန် ၁၅ သန်းခန့်အသုံးပြနိုင်ရန်အသင့်ရှိသည်ဟု အစိုးရက ခန့်မှန်းထားပါကြောင်း၊ နှစ်စဉ်တင်သွင်းမည့်ပမာဏကိုလည်း ကာလရှည်စာချုပ်များချုပ်ဆိုဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ မြေသြဇာလက်လီဈေးနှုန်းများသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက များစွာသက်သာသဖြင့် အစိုးရက ထောက်ပံ့ပေးခြင်းကိုကျေးဇူးတင်ရမည်ဖြစ်ပါကြောင်း၊ ပုလဲဓာတ်မြေသြဇာတစ်အိတ်၏ ဈေးနှုန်းသည် အိန္ဒိယနိုင်ငံတွင် ၂၇၆ ရူပီးသာရှိသော်လည်း ပါကစ္စတန်နိုင်ငံတွင် ၇၉၁ ရူပီး၊ အင်ဒိုနီးရှားနိုင်ငံတွင် ၅၉၃ ရူပီး၊ တရုတ်နိုင်ငံတွင် ၂၁၀၀ ရူပီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၇၁၉ ရူပီးနှင့်အမေရိကန်တွင် ၃၀၆၀ ရူပီးအသီးသီးရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၌ DAP တစ်အိတ်လျှင် ၁၃၅၀ ရူပီးသာရှိသော်လည်း ပါကစ္စတန်တွင် ၄၁၇၇ ရူပီး၊ အင်ဒိုနီးရှားတွင် ၉၇၀၀ ရူပီး၊ တရုတ်တွင် ၂၄၀၀ ရူပီး၊ ဘင်္ဂလားဒေ့ရှ်တွင် ၇၁၉ ရူပီး၊ အမေရိကန်တွင် ၃၆၃၃ ရူပီးနှင့် ဘရာဇီးနိုင်ငံတွင် ၄၁၈၀ ရူပီးအသီးသီးရှိသည်ဟု ဝန်ကြီးက ပြောကြားထားကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံသည် နှစ်စဉ် ပုလဲဓာတ်မြေသြဇာတန်ချိန် ၃၂.၅ သန်းနှင့် ၃၅ သန်းကြား၊ DAP ကွန်ပေါင်းဓာတ်မြေသြဇာတန်ချိန် ၁၀ သန်းနှင့် ၁၂.၅ သန်းကြား၊ NPKS ကွန်ပေါင်း ဓာတ်မြေသြဇာတန်ချိန် ၁၀ သန်းနှင့် ၁၂.၅ သန်းကြားနှင့် MOP ပိုတက်စီယမ်ဓာတ်မြေသြဇာ တန်ချိန် ၅ သန်း မှ ၆ သန်းကြား သုံးစွဲမှုရှိကြောင်းလည်း သိရှိရပါသည်။

Source : Cabinet approves ₹ 38,000 - cr subsidy for non-urea fertilizers, Business Standard news, May 17, 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News